Architecture Domains — Business

Architecture Domains — Business

ရှုပ်ထွေး ကြီးမားတဲ့ Enterprise Application တွေ ဖန်တီးတဲ့အခါ Code တန်းရေးပြီး ဆော့ဖ်ဝဲ တန်းထွက်ဖို့ မလွယ်တော့ပါဘူး။ ရှုပ်ထွေး တာကို ရှင်းရှင်းလင်းလင်း မြင်ပြီး၊ ကြီးမားတာကို တစ်ဆင့်ခြင်း တည်ဆောက်နိုင်ဖို့ အတွက် (Domains) နယ်ပယ် တွေ ခွဲပြီး နားလည်နိုင်အောင် ဖော်ပြထားပါတယ်။

ရှင်းရှင်းလင်းလင်း မြင်သွားအောင် —

၁။ ထည့်သွင်းစဉ်းစားရမယ့် အချက်များ (Considerations)
၂။ တာဝန်ယူ ဆောင်ရွက်ရသူများ (Roles)
၃။ လုပ်ဆောင်ရမယ့် တာဝန်များ (Responsibilities) နဲ့
၄။ လုပ်ဆောင်ပြီး ထွက်လာမယ့် ရလဒ်များ (Deliverables)

ဆိုပြီး နယ်ပယ် တစ်ခုချင်းစီမှာ ၄ ပိုင်းခွဲပြီး ရေးသားပေးသွားပါမယ်။

Business Domain

၁။ ထည့်သွင်းစဉ်းစားရမယ့် အချက်များ —

  • Business Requirements (လိုအပ်ချက်တွေ)
    ဆော့ဖ်ဝဲကို ဘာကြောင့်သုံးမှာလဲ၊ ဆော့ဖ်ဝဲသုံးလိုက်ရင် လုပ်ငန်းရဲ့ ဘာပြဿနာတွေ ပြေလည်သွားမလဲ၊ လုပ်ငန်းကို ဘယ်လို အထောက်အကူဖြစ်စေမှာလဲ ဒီအချက်တွေက စပြီး နားလည် အောင်လုပ်ထားဖို့ လိုပါတယ်။
  • Business Process (လုပ်ငန်းစဉ်)
    လက်ရှိ လည်ပတ်လုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ်တွေက ဘာတွေလဲ၊ ဆော့ဖ်ဝဲ ထည့်သွင်း သုံးစွဲပြီး လုပ်ငန်းကို လည်ပတ်တော့မယ်ဆိုရင် ဘာ အပြောင်းအလဲတွေရှိနိုင်မလဲ ဒီအချက်တွေကို ခွဲခြမ်း လေ့လာ စီစစ် ထားဖို့ လိုပါတယ်။
  • Stakeholders (သက်ဆိုင်သူတွေ)
    ဆော့ဖ်ဝဲ ဖန်တီးတဲ့ အခါမှာ သက်ဆိုင်သူတွေအားလုံး ရဲ့ အမြင်တွေ နဲ့ လိုအပ်ချက်တွေကို မေးမြန်း မှတ်တမ်းတင်ပြီး ထည့်သွင်း ဆောင်ရွက် သွားဖို့ လိုပါတယ်။

၂။ တာဝန်ယူ ဆောင်ရွက်ရသူများ —

  • Business Architects
    လုပ်ငန်းအတွက် ဆော့ဖ်ဝဲ ဖန်တီးပြီး အသုံးပြုတဲ့ ရည်ရွယ်ချက်ပန်းတိုင်ချမှတ်တာတွေ၊ ဆော့ဖ်ဝဲ သုံးတဲ့အခါ လုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲတာတွေ၊ ဆော့ဖ်ဝဲနဲ့ ကိုက်ညီမယ့် လုပ်ငန်းလည်ပတ်ပုံ စနစ်တွေ တီထွင်ရတာတွေ လုပ်ဆောင်ရပါတယ်။
  • Business Analysts
    ဆော့ဖ်ဝဲ ဖန်တီးဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေ ကို အသေးစိတ် စုဆောင်း၊ စီစစ်၊ မှတ်တမ်းတင်ရပါတယ်။ ထွက်လာမယ့် ဆော့ဖ်ဝဲကို လိုအပ်ချက်နဲ့ ကိုက်ညီအောင် သက်ဆိုင်သူတွေ နဲ့ ညှိနှိုင်း လုပ်ဆောင်ရပါတယ်။
  • Product Managers/Owners
    Enterprise Application တွေမှာ မတူညီတဲ့ Product တွေ အများအပြား ပါဝင်နိုင်ပါတယ်။ ဥပမာ Digital Wallet Application ထဲမှာ လျှပ်စစ်မီတာခ ဆောင်လို့ရတဲ့ Electric Bill Payment လိုမျိုး Product တစ်ခု ရှိနေတာမျိုး၊ online ကပဲ အသုံးအဆောင်ပစ္စည်းတွေ ဝယ်လို့ရတဲ့ E-commerce Product တစ်ခု ရှိနေတာမျိုး။ Product Manager/Owner ဟာ ၄င်း Product တစ်ခုခြင်းစီကို တာဝန်ယူရပါတယ်။ Product က ရှုပ်ထွေးပြီး လုပ်ငန်းလည်ပတ်မှု့ကြီးမားတဲ့ အခါ Product Manager က ရေရှည်အတွက် Vision၊ Mission၊ Strategy နဲ့ Roadmap ပိုင်းတွေ တာဝန် ယူရလေ့ရှိပြီး၊ Product Owner ကတော့ ရေတို Action Plan တွေ နဲ့ နေ့စဉ် လုပ်ငန်းလည်ပတ်မှု ပိုင်းကို တာဝန် ယူရလေ့ ရှိပါတယ်။

၃။ လုပ်ဆောင်ရမယ့် တာဝန်များ

  • ဆော့ဖ်ဝဲ အသုံးချပြီး လုပ်ငန်း လည်ပတ် လုပ်ဆောင်မယ့် စီးပွားရေးလုပ်ငန်းအတွက် ရည်မှန်းချက် ပန်းတိုင်တွေ သတ်မှတ်ပြီး ရေရှည်၊ ရေလတ်၊ ရေတို အစီအစဉ် တွေ ချမှတ်ရေးဆွဲတာတွေ။
  • စီးပွားရေး လုပ်ငန်းစဉ်တွေ နဲ့ လုပ်ငန်း စွမ်းဆောင်ရည် တွေကို ချိန်ဆ တွက်ချက်တာတွေ။
  • စီးပွားရေးလုပ်ငန်းမှာ ဆော့ဖ်ဝဲနဲ့ ပြုပြင်ပြောင်းလဲ လုပ်ဆောင်ရမယ့် လိုအပ်ချက်တွေ ကို ဖော်ထုတ်ပြီး၊ ဆော့ဖ်ဝဲဖန်တီးမယ့် နည်းပညာရှင်တွေ ကို ရှင်းလင်း ညွှန်ပြပေးတာတွေ။
  • ဖန်တီးပြီးထွက်လာတဲ့ ဆော့ဖ်ဝဲနဲ့ နည်းပညာ တွေကို စီးပွားရေးလုပ်ငန်း ရဲ့ ရေရှည် ရည်မှန်းချက်၊ ဦးတည်ချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ရတာတွေ။

၄။ လုပ်ဆောင်ပြီး ထွက်လာမယ့် ရလဒ်များ

  • Business Strategy Document
    ဆော့ဖ်ဝဲ အသုံးချပြီး လုပ်ငန်း လည်ပတ် လုပ်ဆောင်မယ့် စီးပွားရေးလုပ်ငန်းရဲ့ — အမြင့်ဆုံး ရည်မှန်းချက် ပန်းတိုင်၊ ပန်းတိုင် ရောက်ဖို့ လုပ်ဆောင်ရမယ့် အလုပ်တွေ နဲ့၊ လုပ်တဲ့ အခါမှာ အသုံးပြုရမယ့် နည်းစနစ်တွေ ကို ဖော်ပြထားပါတယ်။
  • Business Requirement Document
    လုပ်ငန်းမှာ သုံးမယ့် ဆော့ဖ်ဝဲ တည်ဆောက်ဖန်တီးဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေ၊ လုပ်ငန်းစဉ်တွေ ကို အသေးစိတ် စာဖြင့် ရေးသားပြီးရော၊ ပုံဖော် ရေးဆွဲပြီး ဖော်ပြထားပါတယ်။
  • Business Process Diagrams
    စီးပွားရေး လုပ်ငန်း လည်ပတ်ပုံတွေကို သရုပ်ဖော်ပုံတွေနဲ့ နားလည်လွယ်အောင် ရေးဆွဲထားတာတွေ။ ဥပမာ — Business Process Model & Notation, Business Flowchart, Value Stream Map, Capability Map, …

နောက် Article တွေမှာ Data, Application, Technology domain တွေ အကြောင်း ဆက်ရေးပါဦးမည်။

Reference Document ကို ဒီ LinkedIn Post မှာ ကြည့်ရှုနိုင်ပါတယ်။

Aung Kyaw Minn
Solution Architect @ AYA Innovation Labs